Breast pain ( ရင်သားနာကျင်ခြင်း )
13-Aug-2018အကျဉ်းရှင်းလင်းချက်
ရင်သားနာကျင်ခြင်း Breast Pain/ mastalgia မှာ အမျိုးသမီးထု အကြားတွင် အဖြစ်များတတ်ပြီး ရင်သားကိုထိမိလျှင် နာကျင်ခြင်း၊ အပူနှင့်ထိုးသကဲ့သို့ စူးကနဲဖြစ်ခြင်း၊ တစ်ဆစ်ဆစ်နှင့်ကိုက်ခြင်းတို့ ခံစားရလေ့ရှိသည်။ ရင်သားနာကျင်ခြင်းမှာ တောက်လျှောက်ဖြစ်နေနိုင်သလို တစ်ခါတရံမှဖြစ်လေ့ရှိတာမျိုးလည်းဖြစ်နိုင်သည်။
ရင်သားနာကျင်ခြင်းမှာ မသိမသာ ခံစားရနိုင်သလို ဆိုးဆိုးရွားရွားလည်း ခံစားရနိုင်သည်။
- ရာသီမလာခင် ၂ရက်၃ရက်အလိုတွင် ခံစားရလေ့ရှိသော ရင်သားနာကျင်ခြင်းမှာ အများအားဖြင့် မသိမသာသာ ခံစားရနိုင်သည်။
- ရာသီမတိုင်ခင်နှင့် ရာသီလာနေစဉ်အတွင်း ရင်သားနာကျင်ခြင်းမှာ ပိုမို ပြင်းထန်လေ့ရှိပြီး ရင်သား၂ဖက်လုံးခံစားရနိုင်သည်။
- ရာသီနှင့် မပက်သက်ဘဲ လ ကြာရှည်စွာ နာကျင်ခြင်းလည်းဖြစ်နိုင်သည်။
အများအားဖြင့် ရင်သားနာကျင်ခြင်းသည် ကင်ဆာကြောင့်ဖြစ်လေ့မရှိပေ။ သို့ရာတွင် ရာသီစက်ဝန်း၂ခုထပ်ပို၍ မသက်သာသေးပါက(သို့)သွေးဆုံးပြီးတာတောင် ခံစားနေရသေးပါက ဆရာဝန်နှင့် သေချာပြသစစ်ဆေးသင့်သည်။
လက္ခဏာများ
ရင်သားနာကျင်ခြင်းအများစုကို ရာသီစက်ဝန်းနှင့်အတူနာကျင်ခြင်းနှင့် ရာသီစက်ဝန်းနှင့် ဆက်စပ်မှုမရှိခြင်းဟူ၍ ခွဲခြားပြီး ပြောနိုင်သည်။
(၁) ရာသီစက်ဝန်းနှင့်အတူ နာကျင်ခြင်း
- တဆစ်ဆစ် လေးလံကိုက်ခဲသည်။
- တစ်ခါတရံ ရင်သားအကျိတ်ဖြစ်တတ်သည်
- အများအားဖြင့် ရင်သား၏ အပေါ်ထိပ်စွန်းပိုင်းတွင်ဖြစ်လေ့ရှိပြီး လက်မောင်းရင်းထိ နာကျင်တတ်ကာ ရင်သား၂ဖက်လုံးလည်းဖြစ်နိုင်သည်။
- ရာသီမလာခင် ၂ပတ်ခန့်ကြိုတင်ကာ နာကျင်တတ်ပြီး ရာသီရက်နှင့်နီးလာလေလေ ပိုမိုပြင်းထန်တတ်သည်။ ရာသီပြီးသွားပါက အလိုလို သက်သာသွားတတ်သည်။
- သွေးမဆုံးခင် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားတတ်သည်။
(၂) ရာသီစက်ဝန်းနှင့် ဆက်စပ်မှုမရှိနာကျင်ခြင်း
- ဆွဲဆုပ်ထားသကဲ့သို့၊ မီးပူနှင့်ထိုးသကဲ့သို့ နာကျင်ခြင်း
- ဆက်တိုက်ကြာရှည်စွာဖြစ်နိုင်သလို ဖြစ်လိုက်ပျောက်လိုက်လည်းဖြစ်နိုင်သည်
- အများအားဖြင့် ရင်သားတစ်ဖက်တည်းသာဖြစ်တတ်ပြီး တစ်နေရာတည်းမှ နာကျင်နေတတ်သည်။ သို့ရာတွင် ရင်သားတစ်ခုလုံးအနှံ့လည်း နာကျင်စေတတ်သည်။
- သွေးဆုံးပြီး အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားတတ်သည်။
ရင်သားပြင်ပမှနာကျင်ခြင်း
- နာကျင်ခြင်းကို ရင်သားမှစ၍ ခံစားရလေ့ရှိသော်လည်း ရောဂါမှာတခြားနေရာမှဖြစ်နေတတ်သည်။ ဥပမာအားဖြင့် ရင်ဘတ်ရှိကြွက်သားများကို ပြင်းထန်စွာအလုပ်လျှင် ရင်ဘတ်နှင့်နံရိုးအိမ် နာကျင်လာကာ ရင်သားထိ ပြန့်နှံ့ကာ နာကျင်သွားနိုင်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
(၁) ဟော်မုန်းအပြောင်းအလဲများ
(၂) ရင်သားအနေအထား ( ရင်သားထိခိုက်ဒဏ်ရာရရှိထားသူ၊ ရင်သားခွဲစိတ်ဖူးသူနှင့် အခြားအခြေအနေများကြောင့် ရင်သားနာကျင်နိုင်သည် )
(၃) ဆဲလ်ထဲရှိ Fatty acids များ မူမမှန်ခြင်း
(၄) သားဥကြွေဆေးများနှင့် သားဆက်ခြားဆေးလုံးများကဲ့သို့ ဟော်မုန်းဆေးများ၊ စိတ်ကျရောဂါဆေးများ
(၅) ရင်သားအရွယ်အစားပေါ် မူတည်ခြင်း ( ရင်သားကြီးသူများတွင် ရာသီစက်ဝန်းနှင့် ဆက်စပ်မှုမရှိဘဲ နာကျင်နေတတ်သည် )
(၆) ရင်သားခွဲစိတ်မှု ခံယူထားခြင်း
ဖြစ်နိုင်ချေများသူများ
သွေးမဆုံးသေးသောအမျိုးသမီးများတွင် သွေးဆုံးပြီးသော အမျိုးသမီးများထက် ပိုမိုဖြစ်ပွားလေ့ရှိသည်။
နောက်ဆက်တွဲ ပြဿနာများ
ဖြစ်ပွားရသည့်အကြောင်းရင်းပေါ် မူတည်၍ နောက်ဆက်တွဲပြဿနာများဖြစ်ပွားနိုင်သည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- တစ်ပတ်ထပ်ကျော်၍ နာကျင်နေလျှင်
- ရင်သားတစ်နေရာတည်းမှ ဆက်တိုက်နာကျင်နေလျှင်
- အချိန်ကြာလာသည်နှင့်အမျှ ပိုပိုဆိုးလာလျှင်
- နေ့စဉ်လူနေမှုဘဝကိုပါ အနှောင့်အယှက်ဖြစ်လာလျှင်
ရင်သားနာကျင်မှုတစ်ခုတည်းကိုသာ ခံစားရလျှင် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေနည်းသော်လည်း ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီး သေချာအောင်ပြုလုပ်သင့်သည်။
စစ်ဆေးမှုများ
(၁) ရင်သားကို စမ်းသပ်စစ်ဆေးခြင်း
- ရင်သားနှင့် အနီးအနားရှိ အကျိတ်များ ပြောင်းလဲမှုရှိမရှိ စစ်ဆေးခြင်း
(၂) ရင်သားဓာတ်မှန်ရိုက်ခြင်း Mammogram
- ရင်သားအကျိတ်ပေါ်ခြင်း(သို့) ရင်သားအရေပြားမူမမှန်ခြင်း(သို့) တစ်နေရာတည်းမှ ဆက်တိုက်နာကျင်နေခြင်းတို့တွင် စစ်ဆေးသင့်သည်။
(၃) အာထရာဆောင်း( တယ်လီဗွီးရှင်းဓာတ်မှန် Ultrasound )
(၄) ရင်သားမှ အသားစယူခြင်း
ကုသခြင်း
- ဖြစ်စေသောအကြောင်းရင်းများကို ရှောင်ကျဉ်ခြင်း ( ရင်သားကို ပင့်တင်ပေးသော ဘရာစီယာကို ဝတ်ဆင်ပေးခြင်း )
- အကိုက်အခဲပျောက်ဆေးများ သုံးစွဲခြင်း
- သားဆက်ခြားဆေးများကို ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးခြင်း
- ရာသီသွေးဆုံးလက္ခဏာများထိန်းသည့်ဆေးများကို လျှော့ချခြင်း
- ဆရာဝန်ညွှန်ကြားသည့်အတိုင်းဆေးသောက်ခြင်း
ရင်သားနာကျင်ခြင်းကို သက်သာစေမည့် နည်းလမ်းများကို တစ်ခါသာ အသုံးပြုကြည့်သင့်သည်။ လပေါင်းများစွာအသုံးပြုသည့်တိုင် ရင်သားနာကျင်နေဆဲဖြစ်ပါက ဆေးကိုရပ်ပြီး ဆရာဝန်နှင့်သေချာပြသတိုင်ပင်သင့်သည်။
အိမ်တွင်းကုထုံးများ
- ရင်သားကို အပူ၊အအေးဖြင့် ကပ်ပေးခြင်း
- ရင်သားကို ကောင်းမွန်စွာပင့်တင်ပေးသော ဘရာစီယာကို ဝတ်ဆင်ခြင်း
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်နေစဉ် လေ့ကျင့်ခန်းဘရာစီယာကို ဝတ်ဆင်ခြင်း
- အလွန်အမင်းရင်သားနာကျင်လျှင်ဖြစ်ပေါ်သည့် စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ရန် ပြင်ဆင်ခြင်း
- ကဖင်းဓာတ်ပါဝင်သော အစားအစာများကို လျှော့စားခြင်း
- အဆီဓာတ်နည်းသော အစားအစာများနှင့် ကစီဓာတ်ပါသောအစားအစာများကိုသာ စားခြင်း
- Acetaminophen သို့မဟုတ် Ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးများကို သောက်ခြင်း ( အသည်းထိခိုက်ခြင်းနှင့် အခြားဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သောကြောင့် ကြာရှည်စွာသောက်ရန် အတွက်မူ ဆရာဝန်ညွှန်ကြားချက်ပါမှ သောက်သင့်သည် )
- ရာသီနှင့် ဆက်စပ်မှုရှိမရှိ သိရှိရန် နာကျင်သောရက်များကို ပြက္ခဒိန်ဖြင့် သေချာမှတ်ထားခြင်း
ကာကွယ်ခြင်း
- Evening Primose Oil - ဆဲလ်ထဲရှိ Fatty acids ကို ထိန်းညှိပေးပြီး ရင်သားနာကျင်ခြင်းကို သက်သာစေသည်။
- Vitamin E - ရာသီသွေးဆုံးကာနီး အမျိုးသမီးများတွင် ဗိုက်တာမင် E သောက်ခြင်းဖြင့် ရာသီလာနေစဉ် ရင်သားနာကျင်ခြင်းကို သက်သာစေသည်။
Ref: Mayo clinic
Translated by Dr.YadanarPhooWaiAung